ကျန်းမာစွာ နေထိုင်ခြင်း ဆိုတာဟာ အခုခေတ်မှာ လျှို့ဝှက်ချက် တစ်ခုမဟုတ် တော့ပါဘူး။

အစားအသောက်ကို လုံး၀ စီစစ်စားသောက်မှ ၊ လေ့ကျင့်ခန်းတွေ နင်းကန်လုပ်မှ ကျန်းမာ သန်စွမ်းတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ကျန်းမာရေး ကို ထိခိုက်စေမယ့်အရာတွေ ရှောင်ရှားတာ၊ မိမိ ခန္ဓာကိုယ်ရဲ့အချက်ပေးသံလေးတွေ ကို ဂရုတစိုက် နားထောင်ခြင်းအားဖြင့် ကျန်းမာပျော်ရွှင်တဲ့ လူနေမှု စတိုင် ကို ရရှိနိုင်ပါတယ်။

ဒီနေ့မှာတော့ အားလုံးသိပြီးသားဖြစ်တဲ့ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေး နည်းလမ်း ၆ သွယ်ကို ဝေမျှပေးပါရစေ။

၁။ ကောင်းကောင်းအိပ်စက် အနားယူပါ (Sleep well) 😴 ဒီအချက်ကို လူတော်တော်များများ လိုက်နာဖို့ခဲယဉ်းကြပါတယ်။ အထူးသဖြင့် အခုလို နည်းပညာခေတ်မှာ ညသန်းခေါင် ထိ အင်တာနက်သုံးမလား၊ ဂိမ်းဆော့မလား၊ ရုပ်ရှင်ကြည့်မလား စသဖြင့် လုပ်စရာတွေက များလွန်းလှတယ်။ လူငယ်တွေထဲမှာဆို ညသန်းခေါင်ထက်စောအိပ်တယ် ဆိုတာ ခပ်ရှားရှားရယ်။တကယ်တော့ ပုံမှန် အိပ်ချိန် သတ်မှတ်ဖို့နဲ့လုံလောက်တဲ့ အိပ်ချိန်ရရှိဖို့က အရမ်းပဲ အရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ခုခံအား၊ ကာယ နဲ့ဉာဏ ခွန်အား တွေအားလုံးက အိပ်ရေးဝမှ စွမ်းဆောင်ရည်ပြည့် နေမှာကိုး။ အိပ်ရေး၀၀ အိပ်ခြင်းက aging process လို့ခေါ်တဲ့ အိုမင်းရင့်ရော်မှု ကို နှေးစေတဲ့အပြင် နှာစေးတာကအစ နှလုံးရောဂါ အဆုံး ရောဂါဘယ ဖြစ်နိုင်ချေကိုလည်း အများကြီးလျော့ကျစေပါတယ်တဲ့။

၂။ ရေများများသောက်ပေးပါ (Drink a lot) 💦ဒီအချက်ကလည်း လွယ်မယောင်နဲ့ခက်တာပါပဲ။ အလုပ်တွေများတဲ့နေ့ဆို တနေကုန် ရေ ၁ဗူး လေး ကုန်အောင်သောက်ဖို့ ကို မေ့နေတာ။ကျွန်တော်တို့ ဟာ ပုံမှန်သောက်နေတဲ့ ရေပမာဏ ထက် ပိုလိုအပ်ပါတယ်။ အကယ်လို့ကိုယ်က ကော်ဖီကြိုက်တဲ့သူဆို ရေပို သောက်ဖို့တောင် လိုသေးတယ် (ကော်ဖီက ဆီးသွားများစေတာကိုး)။ နောက်ပြီး ရာသီဥတုပူလို့ချွေးထွက်များတယ်၊ အားကစားလုပ်လိုက်တယ်ဆိုရင်လည်း ချွေးထွက်တာနဲ့ကာမိအောင် ရေပိုသောက်ဖို့အရေးကြီးပါတယ်။အကောင်းဆုံးအလေ့အကျင့်ကတော့ ကိုယ့်ရဲ့ကိုယ်အလေးချိန် ပေါ်မူတည်ပြီး တစ်ရက် ရေ ဘယ်နှလီတာ သောက်မယ်ဆိုပြီး သတ်မှတ်ထားတာပါပဲ။ခေါင်းကိုက်နေလား၊ လေးလံထိုင်းမှိုင်းနေလား၊ တခါတလေ ရေသောက်နည်းနေလို့ဖြစ်နိုင်ပါတယ်။တစ်စုံတစ်ယောက် နေလို့ထိုင်လို့မကောင်းတော့ဘူးဆိုရင် အရင်ဆုံး စလုပ်ရမှာက ရေများများသောက်ဖို့ပါပဲ။ ရေ ဟာ ခန္ဓာကိုယ် အနှံ့မှာရှိတဲ့ အညစ်အကြေးတွေ ကို ကျောက်ကပ် က နေတစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် သဘာ၀ ရေစစ် စနစ်ကြီးပေါ့။နောက်တစ်ချက်က ဆီးသွားတဲ့အခါ ဆီးက အရောင်ရင့်နေတယ်ဆိုရင်လည်း ရေသောက်ဖို့လိုနေပြီဆိုတဲ့ သင်္ကေတ ပါပဲ။ခုနောက်ပိုင်း ခေတ်စားလာတာကတော့ ကိုယ်သောက်မယ့် ရေထဲမှာ သံပုရာသီး၊ သခွားသီး စသဖြင့် ကြိုက်နှစ်သက်ရာ အသီးကို infused လုပ်ပြီး သောက်လေ့ရှိကြတယ်။

၃။ ကျန်းမာစွာစားသောက် ပေးပါ (Eat healthy) 🍲 ဒါကလည်း အထူးအထွေပြောစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ ကိုယ်စားတဲ့ အစာတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာပဲမလား။ယေဘုယျအားဖြင့်တော့ လတ်ဆက်တဲ့ အသီးအနှံ၊ အသားဓါတ်တွေစားရပါမယ်။ အဆီနဲ့ပတ်သက်ရင်တော့ ကောင်းတဲ့ အဆီ နဲ့မကောင်းတဲ့အဆီ ဆိုပြီးရှိတာမှာ ကောင်းတဲ့ အဆီကို စားသောက်ရပါမယ်။ သကြားကိုတော့ တတ်နိုင်သမျှ လျှော့စားနိုင်ရင်အကောင်းဆုံးပါ (အထူးသဖြင့် အချိုပွဲ)။ ကြာရှည်ခံအောင်ထားထားတဲ့ အစာမျိုးတွေကိုတော့ ရှောင်ရမှာပေါ့ (ကြက်အူချောင်း၊ သံဗူး အစားအစာ၊ အသင့်စားခေါက်ဆွဲ စသဖြင့်)။ကျန်းမာစွာ စားသောက်ဖို့အကောင်းဆုံး နည်းလမ်းကတော့ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်ပြီး စားသောက်ခြင်းပါပဲ။ ဒါကြောင့်ပဲ ရှေးမြန်မာ လူကြီးတွေ က “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုပြီး ပြောခဲ့ကြတာ။

၄။ အမြဲ လိုလို လှုပ်ရှားနေပါ (Move a lot) 🏃‍♀️ အားကစားခန်းမ gym အမြဲသွားနေမယ်၊ အားကစား တစ်ခု ကို စွဲစွဲမြဲမြဲ ဆော့ကစား နေတယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကိုယ်က လေ့ကျင့်ခန်း လုပ်တဲ့သူ မျိုးမဟုတ်ဘူးဆိုရင်လည်း တစ်ခြား ကျန်းမာအောင် လှုပ်ရှားနေထိုင်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ညနေ စာ စားပြီး လမ်းလျှောက်တာ၊ သူငယ်ချင်းတွေနဲ့ရုံးပိတ်ရက် တောင်တက်တာ၊ အဖွဲ့လိုက် မနက်စောစော ယောဂ ဆော့တာ စသဖြင့် လှုပ်ရှားမှု အားလုံးက ရှေရှည် ကျန်းမာရေးအတွက် ကောင်းကျိုး ရှိစေတာချည်းပါပဲ။နေ့စဉ် လုပ်ငန်းဆောင်တာမှာလည်း ဓာတ်လှေကားစီးမယ့်အစား လှေကားကနေ တက်လိုက်တာ၊ နီးနီးနားနား တက်စီ မငှားပဲ လမ်းလျှောက်သွားလိုက်တာ၊ တစ်ခုခု ယူဖို့တစ်ခြား လူ မခိုင်းပဲ ကိုယ်တိုင် ထ ယူလိုက်တာ ဒီလို အလေ့အကျင့်မျိုးကလည်း ကယ်လိုရီလောင်ကျွမ်းပြီး ကျန်းမာစေပါတယ်။

၅။ စိတ်ကျန်းမာရေး အလေးထားပါ (Focus on your mind) 🧘‍♂️ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုလည်း မေ့ထားလို့မရပါဘူး။ “စိတ်ထောင်း ကိုယ်ကြေ” ဆိုတဲ့ မြန်မာဆိုရိုးတောင်ရှိတယ်မလား။ စိတ် မကျန်းမာရင် လူလည်း ချူချာလာပါတယ်။စိတ်ကျန်းမာရေး ကို ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခုက အကောင်းမြင်တတ်ခြင်းပါ။စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျခြင်း စတာတွေဟာ ခန္ဓာကိုယ် ကို ထိခိုက်စေနိုင်တဲ့ လက်နက်တွေ။ အထူးသဖြင့် အပြိုင်အဆိုင်များလှတဲ့ ခုခေတ်မှာ၊ Facebook ပေါ် တစ်ယောက်ယောက်က သုံးနိုင်ဖြုန်းနိုင်တာတွေ တင်တိုင်း သိမ်ငယ်မှု၊ အားကျမှု တွေ က ကပ်ပါလာတာကိုး။အခက် အခဲ ကို အခွင့်အလမ်းအဖြစ် မြင်ဖို့၊ စိတ်တို မယ့် အစား နားလည် ပေးနိုင်အောင် ကြိုးစားဖို့၊ စိတ်ဖိစီးမှု မဖြစ်အောင် ထိန်းဖို့ ဖြည်းဖြည်းချင်း ကျင့်သွားမယ်ဆိုရင် စိတ် ရော ကိုယ်ပါ ကျန်းမာ ချမ်းသာ ဆိုတဲ့ ဆု ကို ရရှိနိုင်မှာပါ။ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အရင်ဆုံး မကျန်းမာတဲ့ အတွေးအခေါ် တွေ ကို စွန့်ထုတ်နိုင်ရပါမယ်။ မိမိကိုယ်ကို အလိုမကျဖြစ်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တာ၊ မကောင်းတဲ့ အချက်တွေ ကို ပဲ ရွေးပြီး စဉ်းစားမိနေတာ စသဖြင့် အတွေးအခေါ်ပုံစံတွေ ကို ပြောင်းလဲဖို့ကြိုးစားသင့်ပါတယ်။အကောင်းမြင်ခြင်းနဲ့ပတ်သက်လို့ငယ်ငယ်က ဖတ်ဖူးတဲ့ “မေတ္တာရှင် မလေး ပိုလီယာနာ” ဆိုတဲ့ ဘာသာပြန်စာအုပ်လေးကို ညွှန်းချင်ပါတယ်။ ဇာတ်လမ်းထဲမှာ မိန်းကလေး ဇာတ်ကောင် က အရာရာ ကို အကောင်းမြင်နိုင်ဖို့ကြိုးစားတဲ့ အကြောင်းလေးပါ။ လောကဓံရဲ့ရိုက်ခတ်မှုကြောင့် စိတ်ညစ်စရာတွေ၊ အားငယ်စရာတွေပဲ ကြုံလာတဲ့အခါ ဘယ်လို ကျော်ဖြတ်မလဲဆိုတဲ့ အကြောင်းလေး ကို ရိုးရိုးရှင်းရှင်းလေး ရေးဖွဲ့ထားပါတယ်။

၆။ ဆေးပုံမှန် စစ်ဆေးပါ (Regular medical check-up) 🏥 နောက်ဆုံးအနေနဲ့ရောဂါ မဖြစ်ခင် ကြိုတင် ကာကွယ်ဖို့ပါပဲ။ရောဂါ တော်တော်များများ ဟာ ဖြစ်ခါစ မှာ သိရင် ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ဝမ်းနည်းစရာကောင်းတာက ရောဂါ လက္ခဏာ တွေ ခံစားရလို့ဆရာဝန် ဆီ သွားပြတဲ့အခါမှာ ရောဂါ ဟာ တစ်ကိုယ်လုံး ပျံ့နှံ့ပြီး ကုသရ ခက်ခဲတာမျိုး တွေ မြင်နေကြားနေရတာပါ။ဆေးပုံမှန် စစ်ခြင်းအားဖြင့် ခေါင်းအစ ခြေအဆုံး အကုန် ပုံမှန်ဖြစ်ရဲ့လား၊ ဘာဓါတ်တွေ အားနည်းနေလဲ စသဖြင့်အကုန် သိနိုင်ပါတယ်။ ဥပမာ – သွေးတိုး ရောဂါ ၊ ဆီးချို ရောဂါ တွေ ဟာ ဖြစ်ခါစ မှာ ဘာရောဂါ လက္ခဏာ မှ မပြပါဘူး။ ဒါပေမယ့် ဆေးမသောက်၊ ကုသမှု မခံယူပဲ ဒီတိုင်းထားရင် နှစ်ကြာလာတဲ့အခါ ကျောက်ကပ်လို၊ နှလုံး လို အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ကို ပျက်စီးစေတတ်ပါတယ်။ ပုံမှန် ဆေးသောက်ရုံလောက်နဲ့ကုလို့ရမယ့် ရောဂါ ဟာ စောစောမသိတာကြောင့် အသက်အန္တရာယ်ပါ ထိခိုက်လာတာမျိုး။ဆေးစစ်ခြင်းအားဖြင့် ကိုယ့် ရဲ့ကျန်းမာရေး အခြေအနေ ကို လည်း ပုံမှန် စောင့်ကြည့်နေ လို့ရပါတယ်။ ဥပမာ – သွေးတွင်း ကိုလက်စထရော များနေပြီလား၊ ဂေါက် ရောဂါ ဖြစ်နိုင်ခြေရှိလား၊ စသဖြင့်ပေါ့။ ဒီတော့ ဆေးကုသမှု မလိုခင်မှာတင် အစားရှောင်တာ၊ လေ့ကျင့်ခန်း ပိုလုပ်တာ စတာတွေနဲ့ကာကွယ်လို့ရပါတယ်။“ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်” လို့ဒါကြောင့်ပြောကြတာပါပဲ။

မယ်ဒီလန်း ဆေးရုံမှာလည်း အသက်အရွယ်၊ ကျားမ ပေါ်မူတည်ပြီး Medical Check-up Package တွေ ကို ရွေးချယ်စစ်ဆေးလို့ရပါတယ် 😊 January လကုန်တဲ့အထိ special promotion ရှိတဲ့အတွက် ကျန်းမာရေးစစ်ဆေးဖို့ စိတ်ဝင်စားပါက မယ်ဒီလန်းဆေးရုံသို့ ဖုန်းဆက်ပြီး ဟယ်လို🙋‍♀️လုပ်လိုက်ပါနော် 😊😊😊

☘️ရည်မွန်နွေးထွေး ကုသပေး☘️

🏥 Mediland Hospital Dawei 🏥

📍အမှတ်(၂၄)၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်း။

📲09 895 033 334

📲09 268 779 595

📲059 202 40 80

Tags:

Comments are closed